International News

၂၀၂၀ ပြည့်နှစ်တွင် စီးပွားရေးကျဆင်းမှုနှင့် စီးပွားရေးမသေချာမရေရာမှုကို အီးယူရင်ဆိုင်ရမည်

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ရောဂါအကျပ်အတည်းကြောင့် အလွန်ပြင်းထန်သည့် လူမှုစီးပွားဘဝ အကျိုးဆက်များနှင့်အတူ ကမ္ဘာတစ်ဝန်းနှင့် အီးယူ၏ စီးပွားရေးများ၌ ရိုက်ခတ်မှု များရှိခဲ့ကြောင်း၊ ယခုနှစ်အတွက် အီးယူအနေဖြင့် သမိုင်းဝင် စီးပွားရေးကျဆင်းမှုကို ကြုံတွေ့ရမည်ဟု ဥရောပကော်မရှင်ကခန့်မှန်းခဲ့ကြောင်း၊ နွေဦးရာသီစီးပွားရေး ခန့်မှန့်ချက်တစ်ရပ်ကို ဥရောပကော်မရှင်က ၆-၅-၂၀၂၀ နေ့တွင် ထုတ်ပြန်ခဲ့ရာ အီးယူ၏စီးပွားရေးမှာ ၂၀၂၀ ပြည့်နှစ်တွင် (၇.၅)ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး၊ ၂၀၂၁ ခုနှစ်တွင် (၆) ရာခိုင်နှုန်းဝန်းကျင်ဖြင့် ပြန်လည်တိုးတက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ပြီးခဲ့သည့် ဆောင်းဦးရာသီစီးပွားရေးခန့်မှန်းချက်နှင့် နှိုင်းယှဉ်ပါက အီးယူနှင့် Euro Area အတွက် စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်များ၌ (၉) ရာခိုင်နှုန်းဝန်းကျင်ခန့် လျှော့ချ၍ ခန့်မှန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အီးယူ၏စီးပွားရေးအပေါ် ကပ်ရောဂါ၏ရိုက်ခတ်မှုမှာ အတူတူပင်ဖြစ်သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ထုတ်လုပ်မှုကျဆင်းမှုနှင့် ၂၀၂၁ ခုနှစ်တွင် စီးပွားရေးပြန်လည် နိုးထနိုင်မည့် အင်အားတို့တွင်မူ အီးယူအဖွဲ့ဝင်နိုင်ငံများအကြား သိသိသာသာ ကွဲပြားမှုရှိမည်ဖြစ်ကြောင်း၊ အီးယူအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးပြန်လည်ကောင်းမွန်လာ ရေးမှာ သက်ဆိုင်ရာနိုင်ငံအလိုက် ကပ်ရောဂါဖြစ်ပွားမှု အခြေအနေအပေါ်တွင်သာမက ၎င်းနိုင်ငံများ၏ စီးပွားရေးတည်ဆောက်ပုံနှင့် တည်ငြိမ်သောမူဝါဒများဖြင့် တုန့်ပြန်နိုင်စွမ်းတို့အပေါ်တွင်လည်း မူတည်မည်ဖြစ်ကြောင်း၊ အီးယူအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးအရအပြန်အလှန် အမှီသဟဲပြုမှုအခြေအနေကြောင့် အဖွဲ့ဝင်တစ် နိုင်ငံချင်းစီ၏ စီးပွားရေးပြန်လည်နိုးထမှုအရွေ့သည် အခြားအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးနိုးထနိုင်မှုအင်အားအပေါ် သက်ရောက်မှုရှိလိမ့်မည်ဖြစ်ကြောင်း သိရှိရပါ သည်။

ဥရောပအနေဖြင့် Great Depression နောက်ပိုင်း မကြုံစဖူးထူးကဲသော စီးပွားရေးရိုက်ခတ်မှုကို ကြုံတွေ့နေရကြောင်း၊ ဗိုင်းရပ်စ်ကြောင့် ကန့်သတ်ပိတ်သိမ်းမှုများ မြန်ဆန်စွာ ဖြေလျှော့နိုင်မှု၊ အဖွဲ့ဝင်နိုင်ငံအသီးသီးရှိ စီးပွားရေး၌ ခရီးသွားလုပ်ငန်းကဲ့သို့သော ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍများ၏ အရေးပါမှုနှင့် ဘဏ္ဍာရေး အရင်းအမြစ် များအပေါ်မူတည်၍ စီးပွားရေးကျဆင်းမှုအတိုင်းအတာနှင့် ပြန်လည်နိုးထနိုင်မှုအင်အားနှစ်ရပ်စလုံးတွင် အချိုးညီမည်မဟုတ်ကြောင်း၊ ထိုသို့မတူကွဲပြားသည့် အခြေ အနေသည် အီးယူတစ်ခုတည်းသောဈေးကွက်နှင့် Euro Area တို့အပေါ် ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်ကြောင်း၊ သို့ရာတွင် ဥရောပနိုင်ငံများ၏ ပူးပေါင်းလုပ်ဆောင်မှုများဖြင့် ယင်းစိန်ခေါ်မှုကို လျော့ပါးသက်သာအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အီးယူ၏ စီးပွားရေးကော်မရှင်နာဖြစ်သူ Paolo Gentiloni က ပြောကြားခဲ့သည်ဟု သိရှိ ရပါသည်။ ယခုနှစ်အတွက် အီးယူ၏ စီးပွားရေးဆုံးရှုံးမှုများအား ၂၀၂၁ ခုနှစ်အကုန်အထိ အပြည့်အဝ ပြန်လည်ကုစားနိုင်ဖွယ်မရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် ကျဆင်းမည်ဖြစ်ပြီး၊ လုပ်သားဈေးကွက်မှာလည်း အပြည့်အဝပြန်လည်ကောင်းမွန်လာမည်မဟုတ်ကြောင်း ခန့်မှန်းထားပါသည်။

အချိန်တိုအလုပ်အကိုင်အစီအစဉ်များ၊ လုပ်ခလစာထောက်ပံ့မှုများနှင့် စီးပွားရေးလုပ်ငန်း အထောက်အပံ့ပေးမှုများသည် အလုပ်အကိုင်ဆုံးရှုံးမှုများကို အကူအညီ ပေးနိုင်မည်ဖြစ်သော်လည်း ကပ်ရောဂါသည် လုပ်သားဈေးကွက်အပေါ် ပြင်းထန်သည့် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ အီးယူ၏ အလုပ်လက်မဲ့နှုန်းမှာ ၂၀၁၉ ခုနှစ် တွင် (၆.၇) ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် (၉) ရာခိုင်နှုန်းသို့ တက်လာနိုင်ပြီး၊ ၂၀၂၁ ခုနှစ်တွင် (၈)ရာခိုင်နှုန်းဝန်းကျင်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း၊ အီးယူ အဖွဲ့ဝင်နိုင်ငံအချို့အနေဖြင့် အလုပ်လက်မဲ့နှုန်း သိသိသာသာတက်လာနိုင်ပြီး၊ (၂၀) ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်ကြောင်း၊ ကာလတို စာချုပ်ဖြင့် လုပ်ကိုင်သည့်လုပ်သား ဦးရေပါဝင်မှုအချိုးများပြားသည့် နိုင်ငံများနှင့် ခရီးသွားလုပ်ငန်းကဏ္ဍအပေါ်မှီခိုသည့် လုပ်သားဦးရေများပြားသည့် နိုင်ငံများမှာ အထူးသဖြင့် ထိခိုက်လွယ်သည့်အနေ အထားရှိကြောင်း၊ ရေနံဈေးနှုန်းကျဆင်းမှုနှင့် ဝယ်လိုအားကျဆင်းမှုတို့ကြောင့် စားသုံးသူဈေးနှုန်းမှာလည်း ယခုနှစ်အတွက် သိသိသာသာကျဆင်းမည်ဟု ခန့်မှန်းထား ကြောင်း၊ အီးယူ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ်တွင် (၀.၆) ရာခိုင်နှုန်းနှင့် ၂၀၂၁ ခုနှစ် တွင် (၁.၃) ရာခိုင်နှုန်း ရှိမည်ဖြစ်ကြောင်း ဥရောပကော်မရှင်၏ စီးပွားရေးခန့်မှန်းချက်အရ သိရှိရပါသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေမှုဆိုင်ရာ ယူဆချက်များကို အခြေခံထားခြင်းဖြစ်သဖြင့် ယခုစီးပွားရေးခန့်မှန်းချက်၏ မသေချာမရေရာမှုအခြေအနေ ပုံမှန်ထက် မြင့်မားမှုကို ဥရောပကော်မရှင်က သတိပေးထားကြောင်း၊  ယင်းစီးပွားရေးခန့်မှန်းချက်မှာ အသွားအလာကန့်သတ် ပိတ်သိမ်းမှုများအား မေလမှစတင်၍ ဖြည်းဖြည်း ချင်းဖြေလျှော့သွားနိုင်မည်ဟူသော ယူဆချက်ကို အခြေခံထားခြင်းဖြစ်ပြီး၊ ကန့်သတ်မှုများ ပြန်လည်ဆောင်ရွက်ခဲ့ရပါက စီးပွားရေးမှာ စီမံထားသည့်အတိုင်း ပြန်လည် ကောင်းမွန်လာနိုင်မည် မဟုတ်ကြောင်း၊ အီးယူအဆင့် အားကောင်းသော ချိန်သားကိုက် ဘုံပြန်လည်ထူထောင်ရေးမဟာဗျူဟာတစ်ရပ်မရှိခြင်းသည် အကျပ်အတည်း အားတစ်ခုတည်းသော ဈေးကွက်အတွင်း ပြင်းထန်စွာအချိုးဖျက်မှုဆီသို့ ဦးတည်စေနိုင်ခြင်းနှင့်  အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး၊ ဘဏ္ဍာရေးနှင့် လူမှုရေးဆိုင်ရာ မတူကွဲပြားမှုများဖြစ်ပေါ်စေနိုင်သည့် အခြေအနေရှိနေကြောင်း၊ နောက်ထပ်ပြဿနာတစ်ရပ်မှာ လက်ရှိအချိန်ထိ နိုင်ငံတကာစီးပွားရေးကို မောင်းနှင်နေသည့် ကမ္ဘာ အနှံ့လွှမ်းခြုံမှုဖြစ်စဉ် (Globalization)အပေါ် ဗိုင်းရပ်စ်အကျပ်အတည်း၏ သက်ရောက်မှုဖြစ်ကြောင်း၊ ယခုစီးပွားရေးခန့်မှန်းချက်အရ ကပ်ရောဂါကြောင့် Global Value Chainsနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတို့အပေါ်အမြင်များ ပြောင်းလဲလာနိုင်ခြေရှိနေပြီး၊ ယင်းမှာ ကမ္ဘာ့စီးပွားရေးများနှင့် အပြန်အလှန်ချိတ်ဆက်ထားပြီး တံခါးဖွင့်ထားသော အီးယူ၏ စီးပွားရေးအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း သိရှိရပါသည်။

 

ရင်းမြစ် -  (ဘရပ်ဆဲလ်တိုင်းမ်)

( မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

Category: International News